
Foodaholic Myanmar Page ရဲ့ပထမဆုံးသော Review အတွက် ရေးဖြစ်ခဲ့တဲ့ ဆိုင်ကတော့ မန္တလေးကလူတွေ အသည်းစွဲမနက်စာဖြစ်တဲ့ ရှမ်းခေါက်ဆွဲရောင်းတဲ့ဆိုင်လေးပါ။
ဆိုင်နာမည်က ပါလေကာ တဲ့ ....
နေရာကတော့ မန္တလေးတက္ကသိုလ်သွားတဲ့ မိန်းလမ်း Friendလက်ဘက်ရည်ဆိုင်နဲ့ မျက်စောင်းထိုးလမ်းကြားထဲက ဆိုင်လေးပါ။
ဆိုင်မှာရနိုင်တာကတော့ မန္တလေးရှမ်းခေါက်ဆွဲရဲ့ ထုံးစံအတိုင်း
- ရှမ်းခေါက်ဆွဲ အသုတ်
- ရှမ်းခေါက်ဆွဲ အရည်
- မြီးရှည်
- ဆန်ပြား
- တို့ဟူးပျော့ .... အစရှိသဖြင့်ပေါ့။
ဒီမှာက မြီးရှည်ဆိုတာနဲ့ မန္တလေးအထမ်းမြီးရှည်လို ကော်ရည်နဲ့ အသားနဲ့မဟုတ်ဘူးနော်။
ဟင်းနှစ် ပဲငပိနှစ် အသားချက် မြေပဲထောင်းတွေပါတဲ့ ရှမ်းမြီးရှည်မျိုးပဲ ဖြစ်ပါတယ်။
ရှမ်းခေါက်ဆွဲဆိုတာနဲ့ ဆန်စီးခေါက်ဆွဲနဲ့ အဖွယ်ဆိုပီး နှစ်မျိုးရှိတယ်။ ဒါ့အပြင် အသုတ်လား အရည်နဲ့လားဆိုပီး ထပ်မှာရတယ်။ Admin N ကတော့ ရှမ်းခေါက်ဆွဲဆို အစီးပဲကြိုက်တယ်။
ဒီတော့မှာစားဖြစ်တာက ရှမ်းခေါက်ဆွဲ အသုတ်ပေါ့။ဆန်စီးခေါက်ဆွဲ အသုတ်ကို တို့ဟူးပျော့နည်းနည်းလေးထည့်ပီး သုတ်တဲ့အရသာက အကောင်းဆုံးလို့ထင်ပါတယ်။
တို့ဟူးပျော့သတ်သတ်ကိုလဲ ဆီချက် ထန်းလျက်ရည်ကျဲလေးထည့်နယ်ထားတာလေးကို အီကြာကွေးနဲ့ စားရတာလည်း မန္တလေးကဆိုင်တွေမှာပဲ ရနိုင်တဲ့အရသာတမျိုးပါပဲ။
နောက်ပီး ဒီဆိုင်မှာ ဆီချက် ရှမ်းခေါက်ဆွဲသတ်သတ်လွတ်ကို မတ်ပဲကြော် (မန္တလေးအခေါ် ဗမာဗယာကြော်) နဲ့ရနိုင်ပါတယ်။
ရှမ်းခေါက်ဆွဲကို ပြင်ပီးတာနဲ့ တခါထဲ နယ်ပေးလိုက်တာမို့ ကိုယ်တိုင်နယ်စားတာထက် အရသာနှံ့ပီး အရသာလဲ ပိုရှိပါတယ်။
ရှမ်းခေါက်ဆွဲနဲ့ တွဲစားဖို့တော့ ဂေါ်ဖီကိုပါးပါးလှီးပီး အချဉ်နှပ်ထားတာရယ် ငြုပ်သီးကိုချဉ်ရည်စိမ်ထားတာရယ်က အရမ်းကို လိုက်ဖက်တာမို့ Admin N အကြိုက်ဆုံး အတွဲအစပ်လို့ပဲ ပြောပါရစေ။

ရှမ်းခေါက်ဆွဲဆိုင်တို့ ထုံးစံအတိုင်း ဝက်ခေါက်ကြော်ပေးတယ်။ Admin N ကတော့ ဝက်ခေါက်ကြော် ကြွပ်ကြွပ်ကြီး စားရတာမကြိုက်လို့ ဝက်ခေါက်ကြော်ကို သူတို့ပေးထားတဲ့ ဟင်းရည်ထဲကိုထည့်စိမ်ပီး မပျော့မမာလေး စားပါတယ်။
ပီးတော့ ဒီဆိုင်မှာ တို့ဟူးကြော်အပြင် ဗယာကြော် ကောက်ညှင်းပဲကြော် မတ်ပဲကြော်တို့ပါ ရနိုင်ပါသေးတယ်။
ကဲ .... မန္တလေးရောက်ရင် ရှမ်းခေါက်ဆွဲအရသာစစ်စစ် စားချင်ရင်တော့ ပါလေကာကိုသွားဖို့ လက်တို့လိုက်ပါတယ်။
No comments:
Post a Comment