Thursday, June 9, 2016

မန္တလေးကအပြန် ဘာမုန့်လက်ဆောင်၊ သူများထက်ထူးအောင် ဝယ်မလဲ

စထုတ်ကတည်းက ဒီနေ့ထိ မပြောင်းလဲတဲ့ ထုပ်ပိုးမှုပုံစံ

Admin N ကမန္တလေးကို ရောက်နေတာဆိုတော့ မန္တလေးက အစားအသောက်တွေကိုပဲ တင်ဖြစ်နေတယ်။
ကဲ .... ဒီတခါတော့ မန္တလေးကအပြန် ဘာမုန့်တွေဝယ်သွားရမလဲဆိုတာ ရေးမလားစိတ်ကူးတယ်။
မန္တလေးလို့ ပြောတာနဲ့ အရင်ဆုံးသတိရကြမှာက ထိုးမုန့်လို့ ထင်ပါတယ်။

ထိုးမုန့်တွေက တံဆိပ်အမျိုးမျိုး ရှိကြတဲ့အထဲကမှ Admin N အကြိုက်ဆုံးကတော့ ရွှေနှင်းဆီထိုးမုန့်ပါပဲ
ဟုတ်ကဲ့ ရွှေနှင်းဆီထိုးမုန့်ဆိုတဲ့အတိုင်း ထိုးမုန့်တစ်မျိုးထဲပဲ ရတာပါ။ ဆိုင်ကလဲ တော်တော်ရှာရခက်လို့ မန္တလေးသားတစ်ယောက်ယောက်ကို အကူအညီတောင်းမှ ရပါလိမ့်မယ်။
နေရာကတော့ ၂၈-၂၉လမ်းကြား ၈၂-၈၃ကြားက ရှင်ဥပဂုတ်ဝင်းထဲမှာပါ။
ဝင်းထိပ်မှာ နယူးအာရှဓါတ်ပုံတိုက်ဆိုတဲ့ ဆိုင်းဘုတ်ကြီးရှိပါတယ်။ ဝင်းထဲအထိဝင်သွားတာနဲ့ ရွှေနှင်းဆီထိုးမုန့်ဆိုတာကြီးကို တွေ့ရမှာပါ။




ရွှေနှင်းဆီရဲ့ မလိုင်ထိုးမုန့်ဗန်း

မိသားစုတနိုင်လုပ်ငန်းဖြစ်တာကြောင့် ထိုးမုန့်အတွက်ကောက်ညှင်းကြိတ်တာ မြေပဲကြိတ်တာတွေကအစ ကိုယ်တိုင်ပဲလုပ်ပါတယ်။ ထိုးမုန့်ကောင်းမကောင်းဆိုတာ ရေကုန်အောင် ထိုးတာနဲ့လဲ ဆိုင်ပါတယ်။ ဒီထိုးမုန့်က ရေကုန်အောင်ထိုးထားတာမို့ လက်နဲ့တင် ဆွဲဖြတ်လို့ရပါတယ်။
ထိုးမုန့်ကလဲ ၂မျိုးထဲပဲ ရနိုင်ပါတယ်။
ရိုးရိုးသီးစုံအုန်းကြော်ထိုးမုန့်ု့ နဲ့ မလိုင်ထိုးမုန့်ပါပဲ
သီးစုံကတော့ အချိုပေါ့တာကြောင့် အချိုမကြိုက်တဲ့ Admin N အမြဲစားနေကျပါ။
မလိုင်ထိုးမုန့်ကတော့ အပေါ်မှာ မလိုင်နှစ်အပြည့်နဲ့မို့ ချိုဆိမ့်တဲ့အရသာကို ပြည့်ပြည့်ဝဝ ရနိုင်ပါတယ်။
တစ်ခုပဲပြောစရာရှိတာက ဘူးပါကင်ကတော့ ရှေးတုံးကအတိုင်းပဲမို့ အမြင်မလှရင်တော့ သည်းခံကြပေါ့။ ဘူးကိုစားမှာမဟုတ်ဘူး ထိုးမုန့်ကိုစားမှာလေ ....

ဒေါ်ညိုကရေကယာ

ကရေကယာမှာ အကောင်းဆုံးကတော့ ၇၈လမ်း ၃၆ ၃၇ကြားက ဒေါ်ညိုကရေကယာကိုပဲ ညွှန်းဆိုလိုက်ပါ့မယ်။ နူးညံ့နေတဲ့ ဆန်မှုန့်စစ်စစ် မလိုင်အပြည့်အလယ်မှာထားတဲ့ အုန်းယိုတွေဟာ မျက်မြင်ဒိဌ ကရေကယာကောင်းဆိုတာ သိနိုင်ပါတယ်။
ဒီဆိုင်ကလဲ တနေ့စာတနေ့ နိုင်သလောက်သာလုပ်ရောင်းတာကြောင့် စောစောဝယ်မှ ရမယ်ထင်ပါတယ်။ Admin N သွားဝယ်ချိန်က နေ့လည်၁၁လောက်ပဲရှိတာတောင် ငါးဘူးလောက်ပဲရနိုင်တော့တယ်တဲ့။ အဲလိုချေပီး ရောင်းတဲ့ဆိုင်ပါ။

ကြိုက်သလောက်စားဆိုပီး အမြည်းကျွေးထားတဲ့ လက်ဖက်တွေ

လက်ဖက်ကောင်းကောင်း လက်ဆောင်ပေးချင်ရင်တော့ ဗေဒါရွှေကြာကိုပေးလိုက်ရင် လက်ဆောင်ရတဲ့သူကလဲ ကျေးဇူးအရမ်းတင်သွားမှာပါ။ လက်ဖက်အညွန့်နှပ်၊ ရိုးရာနှပ်၊ ချဉ်စပ်အညွန့်နှပ်၊ ချဉ်စပ်အထောင်းနှပ်၊ စောင်းလျားသီးလက်ဖက်နှပ်၊ ဂျင်းပြားသုပ် အစရှိသဖြင့် စုံနေအောင်ရတဲ့ထဲကမှ မငယ်ထွေးကိုယ်တိုင်နှပ်တဲ့ ငယ်ထွေးနှပ်နဲ့ ဂျင်းပြားသုပ်ကတော့ မဝယ်မဖြစ်ဝယ်ရမယ့် အရာတွေပါ။ နှစ်ပြန်ကြော်ဆိုရင်လဲ ကြက်တူရွေးပဲကြော်များများ ဖရုံဆန်များများနဲ့
ရန်ကုန်မှာမရနိုင်တဲ့ နှစ်ပြန်ကြော်ဟာ လက်ဆောင်ပေးလို့ မျက်နှာပန်းအရမ်းလှတာပါ။ လက်ဖက်ကြိုက်သူဆိုရင် ဆိုင်ရှေ့မှာ အမြည်းကျွေးထားတဲ့ လက်ဖက်တွေကို စိတ်ကြိုက်စားနိုင်ပါတယ်။

နှစ်ပြန်ကြော်တွေ

အမြည်းကျွေးတဲ့ လက်ဖက်အုပ်

ဆိုင်ထိုင်နေတဲ့ မငယ်ထွေး

လက်ဖက်နာမည် မသိလဲရတယ်။ ကြိုက်တာနှိုက်စား 
ဒါမျိုးပေး ဆိုပီးပြောလို့ရတယ်

အမှတ်၈အထကကျောင်းနားက မစီမာဇီးပေါင်းကတော့ ဓါတုဆေး တာရှည်ခံဆေး ဆိုးဆေးလုံးဝမပါဘဲလုပ်ထားတဲ့ ဇီးပေါင်းဖြစ်လို့ အပြန်လက်ဆောင် ဝယ်သွားလို့အရမ်းကောင်းပါတယ်။ ကျနော်တို့အမတို့ ကျောင်းသူဘဝထဲက ဇီးပေါင်းရောင်းနေတဲ့ မစီမာ ကျနော်တို့တူမတွေကျောင်းတက်ချိန်ထိ ဇီးပေါင်းရောင်းနေတုံးပါပဲ။ စီးပွားဖြစ်ရောင်းတာမဟုတ်ဘဲ တနေ့လုပ်တနေ့ရောင်းဖြစ်တာကြောင့် များများဝယ်ဖို့တော့ အဆင်မပြေပါဘူး။ ဇီးထုပ်ပုံတွေကလဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်ကတည်းက ဒီအတိုင်းမပြောင်းလဲတာက မစီမာရဲ့ သင်္ကေတတစ်ရပ်ပဲ ဖြစ်ပါတယ်။

အမေတို့ခေတ်ကတည်းက မစီမာဆိုင်းဘုတ်

လမုန့်မှာဆိုရင်တော့ ဝေဝေချိုက ပဲမဲလမုန့်က Admin N စားဖူးသမျှထဲမှာ အကြိုက်ဆုံးပါ။
မြင့်မြင့်ခင်က ဂျယ်လီပူတင်းနဲ့ ငှက်ပျောဆနွင်းမကင်းက အကြိုက်ဆုံးပါ။
ရန်ကုန်ကိုလာတိုင်း မပါမဖြစ်လက်ဆောင်တွေကတော့ ဒါတွေပါပဲ။
Foodaholic ပရိသတ်တွေလဲ မန္တလေးအပြန်လက်ဆောင်ဝယ်ဖို့ အများကြီးစဉ်းစားဖို့ မလိုတော့ဘူးဆိုရုံနဲ့တင် ဒီပို့စ်ကိုရေးရတာ ကျေနပ်မိပါတယ်။

No comments:

Post a Comment

Foodaholic Myanmar. Powered by Blogger.

နှုတ်ခွန်းဆက်စကား

အလည်လာရောက်ကြသူအပေါင်း....
ရွှင်လန်းချမ်းမြေ့ကြပါစေ။

Gagdet

Authors

authorကျွန်တော်တို့တွေ အစားအသောက်ချစ်သူများအတွက် ကျွန်တော်တို့ ခံစားမြင်တွေ့သုံးဆောင်ရတဲ့အတိုင်း ရေးသားပေးနေကြပါတယ်။
Learn More ?



Facebook like box