Friday, March 25, 2016

ကလောမြို့ရဲ့ မနက်ခင်းစာ

ကလောမြို့မဈေးကြီး ကို မုခ်ဦးကနေ ဝင်ဝင်လိုက်ချင်း အခုလို မြင်ရပါလိမ့်မယ်။
အဓိကဈေးလမ်းကြီးကနေ ပထမဆုံးတွေ့တဲ့ ညာဘက်က လမ်းခွဲလေးကို ဝင်လိုက်တာနဲ့ ကလောမြို့မဈေး စားသောက်တန်းကို ရောက်ပါလိမ့်မယ်။
အရမ်းသာယာတဲ့ ကလောမြို့လေးကို Admin T တော့ ရောက်သွားပြီ။
မနက်အစောကြီး မိုးမလင်းခင် Express ကားက ကလောကိုဝင်တော့ ဆောင်းတွင်းအေးအေးကြီးမှာ Admin T တစ်ယောက် ဟိုတယ်ခန်းမရနိုင်လို့ ဒုက္ခရောက်နေတယ်။

ဟိုတယ်အခန်းရပြန်တော့လည်း ထွက်မယ့်ဧည့်သည်ကို စောင့်ရမှာမို့ မနက် ၈ နာရီလောက်မှ အခန်းဝင်လို့ရမယ်ဆိုတော့ ဟိုတယ်ဧည့်ခန်းလေးမှာ ဖြစ်သလို လှဲရင်းစောင့်နေရတယ်။ ဒါနဲ့ မနက် ၆ နာရီထိုးတော့ လူက ပျင်းလာပြီ။ ဗိုက်ကလည်း ဟာလာပြီ။ သူတို့ဟိုတယ်မှာလည်း မစားချင်တော့ ဟိုတယ်က ဝန်ထမ်းတွေကို မေးရတယ် အနီးအပါးမှာ ဘာဆိုင်ရှိသလဲပေါ့။ ဝန်ထမ်းတွေက သဘောကောင်းကြပါတယ်။ သူတို့ဟိုတယ်ကနေ လမ်းမကြီးအတိုင်း ဆက်လျှောက်သွားရင် ကလောမြို့မဈေးကြီး ရှိတယ်တဲ့။ အဲဒီမှာ စားစရာ ရတယ်ဆိုလို့ အထုတ်တွေအပ်ပြီး ကျွန်တော်လည်း ဝမ်းသာအားရ ထွက်လာခဲ့တယ်။
နှင်းလေးတွေ မြူလေးတွေနဲ့ ကလော မနက်ခင်းကြီးက သာယာလိုက်တာ။ ၁၀ မိနစ်လောက်ပဲ လမ်းလျှောက်လိုက်ရတယ် ကလောမြို့မဈေးကြီးကို ထင်းနေအောင် တွေ့လိုက်ရတယ်။ ဈေးသည် ဈေးဝယ်တွေနဲ့ အလုပ်များစ ပြုနေပြီ။ ထုံးစံအတိုင်း ကျွန်တော်က အစားအသောက်တန်းကို ဈေးရောင်းနေတဲ့ ဦးလေးကြီးတစ်ယောက် လှမ်းမေးတော့ သူရှေ့တည့်တည့်က လမ်းကိုဝင်သွားဆိုလို့ အစားအသောက်တန်းကို ဆိုက်ဆိုက်ကြီးရောက်လာတယ်။

အစားအသောက်တန်းမှာ ခေါက်ဆွဲဆိုင်လေးတွေ တွေ့ရပြီး၊ ကျွန်တော်လည်း စားပွဲလွတ်လည်းရှိ၊ လူလည်း အစားများပုံရတဲ့ ဆိုင်တစ်ဆိုင်ကို ဝင်လို့ တို့ဖူးနွေးတစ်ပွဲ ပူပူလေး စားဖို့ မှာလိုက်တယ်။ ရာသီဥတုက အေးလွန်းတော့ တို့ဖူးနွေးလို အချိန်ကြာကြာပူနေမယ့် အစားအစာမျိုး ရွေးစားဖြစ်တယ်။ ပြီးတော့ ကြားထားတာက ကလောမြို့မှာ တို့ဖူးအရမ်းကောင်းတယ်ဆိုလို့လေ။ တို့ဖူးကြော်လည်း သက်သက်မှာစားတယ်။

ကလောမြို့ရဲ့ မနက်ခင်းနေရောင်ခြည်နွေးနွေးလေးက အအေးမပေါ့သွားစေပေမယ့် တို့ဖူးနွေးတစ်ပွဲကိုတော့ အရသာပိုရှိစေတယ်။ အစပ်အဟပ်တည့်တည့်နဲ့ လုပ်ပေးထားလို့ စားရတာ အရမ်းအရသာရှိတယ်။ ဆိုင်မှာ မြို့ခံတွေ အနည်းအပါးလာကြသလို၊ ခရီးသွားဧည့်သည်တွေ ပိုများတာလည်း သတိထားမိတယ်။ ဆိုင်နာမည်လေး သေသေချာချာ မမှတ်မိပေမယ့် ကလောမြို့မဈေးကြီးထဲက စားသောက်တန်းဘက်ဝင်လာတာနဲ့ သေချာပါတယ်။ အားလုံးက ဒီဆိုင်ကိုပဲ ရွေးထိုင်ဖို့ ရှိပါတယ်။ စားသုံးသူလည်း စည်ကားတော့ သိသာပါတယ်။

အရသာအရမ်းရှိလို့ ဈေးကြီးမယ်ထင်ထားတာ ငွေရှင်းဖို့ ဝန်ထမ်း ရှမ်းမလေးတွေကို ခေါ်တော့ သူတို့က တို့ဖူးနွေးက တစ်ပွဲ ၃၀၀ ကျပ် တဲ့။
ဘုရားသခင်... ကျွန်တော် နားကြားများ လွဲသလားပေါ့။ ကြက်သားဖတ်လေးတွေလည်း သေချာတွေ့မိပါတယ်။ စားကောင်းတာလည်း အရမ်းပဲ။ ဒါကို ဒီလောက်ပဲ ပေးရတယ်ဆိုတော့ နှစ်ခေါက်ပြန်မေးယူရတယ်။ ဝန်ထမ်း ရှမ်းမလေးကလည်း ရယ်ပြီး ဟုတ်ကဲ့ တစ်ပွဲ ၃၀၀ ကျပ်ပဲ ကျပါတယ်တဲ့။

ကလောမြို့ကို ရောက်ရင် အရမ်းအရသာရှိတဲ့ တို့ဖူးနွေးနဲ့ ရှမ်းမနက်စာတွေ စားဖို့ မြို့မဈေးကြီးထဲက စားသောက်တန်းကို ရှာဖွေ စားသောက်ဖို့ သတင်းကောင်း ပေးချင်ပါတယ်ဗျာ။


တို့ဖူးအရမ်းကောင်းတယ်လို့ နာမည်ကြီးတဲ့ ကလောမြို့မှာ မြို့မဈေးကြီးထဲက ရှမ်းခေါက်ဆွဲဆိုင်လေးထဲ တို့ဖူးနွေး ပူပူလေးက နှင်းဝေတဲ့ဆောင်းနဲ့ အရမ်းလိုက်ဖက်တယ်။

ကြက်သားဖတ်လေးတွေနိုင်းချင်းထည့်လို့ စေတနာလည်း မတွန့်တို၊ အရသာလည်း အရမ်းရှိတဲ့ တို့ဖူးနွေး...
တစ်ပွဲမှာ ၃၀၀ ကျပ်တဲ့။ အံ့သြကုန်နိုင်ဖွယ် ပါပဲ။

ခုလို မနက် နေရောင်ခြည်နွေးနွေးအောက်မှာ ဒေသခံတွေ၊ ခရီးသွားဧည့်သည်တွေနဲ့ စည်ကားနေတဲ့ ကလောမြို့မဈေးကြီးထဲက ရှမ်းခေါက်ဆွဲဆိုင်လေး။

No comments:

Post a Comment

Foodaholic Myanmar. Powered by Blogger.

နှုတ်ခွန်းဆက်စကား

အလည်လာရောက်ကြသူအပေါင်း....
ရွှင်လန်းချမ်းမြေ့ကြပါစေ။

Authors

authorကျွန်တော်တို့တွေ အစားအသောက်ချစ်သူများအတွက် ကျွန်တော်တို့ ခံစားမြင်တွေ့သုံးဆောင်ရတဲ့အတိုင်း ရေးသားပေးနေကြပါတယ်။
Learn More ?



Facebook like box